Wednesday, July 16, 2014

ဇင်လင်း – တရုတ်အစိုးရ ရဲ့ “ကိုယ်ကျိုးစီးပွားပဓါန၀ါဒ” အောက်က မြန်မာနိုင်ငံ




တရုတ်အစိုးရ ရဲ့ “ကိုယ်ကျိုးစီးပွားပဓါန၀ါဒ” အောက်က မြန်မာနိုင်ငံ
ဇင်လင်း၊ ဇူလိုင် ၁၆၊ ၂၀၁၄

လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု အလွန်အကျွံဖိစီးမှု ခံနေရတာ တနေ့တခြားထင်ရှားလာပါတယ်။ တရုတ်က မြန်မာနိုင်ငံ မြို့ရွာ ဒေသ အတော်များများမှ မြေယာတွေ ၀ယ်ယူပိုင်ဆိုင်လာတဲ့အရေး၊ မြန်မာ့ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ပျက်စီးလောက်အောင် မြေပေါ်မြေအောင် သယံဇာတတွေကို တရုတ်က လက်ကုန်နှိုက်ယူနေတဲ့အရေး၊ မြန်မာ့ငြိမ်းချမ်းရေးေ ဆွးနွေးပွဲ နောက် ကွယ်မှာ တရုတ်စွက်ဖက်မှုရှိနေတဲ့ အရေး၊ အစရှိတဲ့ အရေးပေါင်းများစွာကို မြန်မာ အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘဲ လူထုကို မှောင်ချထားပေမယ့်၊ လူထုက သူတို့နည်းသူတို့ဟန်နဲ့ သိမြင်လားနေကြပါတယ်။
မကြာသေးခင်က တရုတ်မြန်မာ ဆက်ဆံရေးကို ကြည့်တဲ့အခါ၊ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်အထိ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ (၅) ရပ် (The 1954 Five Principles of Peaceful Coexistence) နှစ် (၆၀) ပြည့် အခမ်းအနား” တက်ရောက်ခဲ့တာတွေ့ရတယ်။ သတင်းတွေ အရ တရုတ်ပြည်မှာ ရှိနေစဉ် မြန်မာအစိုးရ အဖွဲ့ဝင်တွေဟာ တရုတ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ၀န်ကြီးစာရင်းမှာ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ သတ္တုတွင်း ၀န်ကြီး ဒေါက်တာမြင့်အောင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒေါက်တာကံဇော်တို့ လိုက်ပါသွားတာတွေရပါတယ်။ ဒုတိယ၀န်ကြီးတွေဖြစ်တဲ့ ဦးရဲထွဋ်၊ ဒေါက်တာသိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နဲ့ အခြားတာဝန်ရှိသူတွေလည်း လိုက်သွားကြကြောင်း သတင်းတွေအရ သိရပါတယ်။
ဇွန်လ ၂၇ ရက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာတွေကတဆင့် ကြားသိရပါတယ်။  သဘောတူညီချက် (၄) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်း (Xi Jinping) တို့နဲ့တကွ နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်တွေ ဒီလက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ လက်မှတ်ရေးထိုးကြတဲ့ စာချုပ်(၄)ခုက (၁) မြန်မာ-တရုတ် ယဉ်ကျေးမှုစင်တာ ထူထောင်မှုဆိုင်ရာ နားလည်မှု သဘောတူညီချက်၊ (၂) ယဉ်ကျေးမှု အမွေအနှစ်များ အဆင့်မြှင့်တင် ထိန်းသိမ်းရေးနှင့် ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးဆိုင်ရာ သဘောတူညီချက်၊ (၃) မြန်မာအစိုးရသို့ တရုတ်အစိုးရက အထွေအထွေရောဂါကုဆေးရုံ စီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာ၊ (၄) နည်းပညာတက္ကသိုလ် ရတနာပုံ (Cyber City) ဆက်သွယ်ရေးကွန်ရက်အတွက် လိုအပ်သော ဆက်သွယ်ရေး ကွန်ရက် ပစ္စည်းများ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ – စတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှု ရယူပြီး လက်မှတ်ထိုးခြင်း ဟုတ်/မဟုတ်တော့ မသိရပါ။
ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်း တို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် စီးပွားရေး စင်္ကြန် တည်ထောင်နိုင်မည့် အလားအလာများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများ၊ မြန်မာ-တရုတ် စီးပွားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးမြှင့် ဆောင်ရွက်နိုင်ရေး တို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊  ဦးလှထွန်း၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းများအရ သိရှိရပါတယ်။ အသေးစိပ်ကိုတော့ နောင် ပြည်ထောင်စု လွှတ်တော်ထံ အစီရင်ခံဖွယ်ရှိတယ်လို့ မျှော်လင့်ပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် နှစ်(၆၀)ပြည့် အထိမ်းအမှတ် ကွန်ဖရင့်ကို ဇွန်လ ၂၈ ညနေ (၅) နာရီ အချိန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပပါတယ်။ ၁၉၅၄ ခုနှစ်မှာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် ချုအင်လိုင်းရဲ့ မြန်မာ၊ အိန္ဒိယ ခရီးစဉ်အတွင်း မူကြီး(၅)ရပ် စတင်အကောင်အထည် ပေါ်ပေါက် လာခဲ့တာဖြစ်တယ်။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ဆိုတာ၊ (၁) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံ က လေးစားရန်၊ (၂) တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရန်၊ (၃) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများ တွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်၊ (၄) တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူ ရှိရန်၊ (၅) နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရန် — စသည်ဖြင့် ဖြစ်ပါတယ်။
ကွန်ဖရင့်မှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က- “ မိမိတို့နိုင်ငံအနေဖြင့်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်သည် အချိန်ကာလ၏ စမ်းသပ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရုံ သာမက အချိန်နှင့် အတူ ရင့်ကျက်လာပြီး ပြည်ထောင် အချင်းချင်း ဆက်ဆံရေးဆိုင်ရာ မူများ၏ အခြေခံ စံ တစ်ခု ဖြစ်လာခဲ့သည်ကို တွေ့မြင်ရသည့်အတွက် ယင်းမူကြီး (၅)ရပ်ကို ကနဦးချမှတ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် များစွာ ၀မ်းမြောက် ဂုဏ်ယူမိပါကြောင်း။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများ ဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့သည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ဤနှစ်နိုင်ငံစလုံးသည် မိမိတို့မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများအဖြစ် ဆက်လက်တည်ရှိ သွားလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း။” စသည်ဖြင့် ပြောကြားခဲ့တာကို အစိုးရသတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်းက “နိုင်တဲ့သူအကုန်ယူစနစ်” (zero-sum game or winner taking all) ဟာ ရှေးရိုးစွဲဆန်ပြီး အကျိုး မရှိကြောင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အင်အား ဖြစ်စေပြီး၊ အထီးကျန် သင်းကွဲဖြစ်ခြင်းဟာ အင်အား ချိနည့်မှုကို ဖြစ်စေကြောင်း၊ နိုင်ငံတကာရေးရာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ “သူလည်းနိုင်-ကိုယ်လည်းနိုင်” (a new vision of win-win outcomes for all) အမြင်သစ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် အားလုံးအတွက်အကျိုးရှိကြောင်း၊ အဲဒီ “သူလည်းနိုင်-ကိုယ်လည်းနိုင်” အခြေခံမူဝါဒကို ရည်မှန်ချက်အဖြစ် ထားရှိဆောင်ရွက်သင့်ကြောင်း..စသဖြင့် ပြောကြားသွားတာကို တရုတ်ပြည်သူ့နေ့စဉ် (People’s Daily) မှာ ဖေါ်ပြထားပါတယ်။
ဒီနေရာမှာ တရုတ်သမ္မတက “သူလည်းနိုင်-ကိုယ်လည်းနိုင်” လို့ ပြောလိုက်တဲ့ စကားနဲ့ ပတ်သက်လို့ သတိပြုမိတာ တစ်ခုရှိပါ တယ်။ ရပ်တန့်ထားတဲ့ မြစ်ဆုံဆည်တည်ဆောက်မှု ပြန်လည်စတင်နိုင်ဖို့ တရုတ်ကုမ္ပဏီဖက်က နည်းမျိုးစုံ နဲ့ကမ်းလှမ်းဆွဲဆောင် ၀ါဒဖြန့်မှုတွေ လုပ်တာရှိပါတယ်။ အဲဒီကိစ္စ ပြောဆိုဆွဲဆောင်ရာမှာ မြစ်ဆုံဆည်စီမံကိန်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံလုံး ကျိုးရှိမယ့် win-win development project ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ပြောဆိုသုံးနှုန်းလေ့ရှိပါတယ်။
ဒါကြောင့် တရုတ်သမ္မတရဲ့ စကားထဲမှာ အကျိုးတူပူးပေါင်းပြီး၊ သူလည်းနိုင်-ကိုယ်လည်းနိုင်win-win အခြေခံမူဝါဒကို ရည်မှန်းချက် အဖြစ် ထားရှိဆောင်ရွက်သင့်တယ် ဆိုတဲ့စကားဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရခိုင်-ယူနန်ရေနံဓါတ်ငွေ့ ပိုက်လိုင်း၊ လက်ပန် တောင်းတောင် ကြေးနီမိုင်းနဲ့ မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ဖျားက ရေအားလျှပ်စစ်စီမံကိန်းတွေကို ရည်ညွှန်းပြောဆိုနေပုံ ပေါ်ပါ တယ်။ ဒါပေမယ့် မြန်မာပြည်မှာ တရုတ်ရဲ့ ဖွံ့ဖြိုးရေးနာမည်ခံထားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာ တရုတ်သမ္မတ ရှီကျင့်ပင်း ပြောသလို win-win မဟုတ်ဘဲ၊ မြန်မာဖက်က အမြဲ အရှုံးပေါ်နေတဲ့ “နိုင်သူအကုန်ယူစနစ်” ပါပဲ။ အရင် စစ်အစိုးရ လက်ထက်မှာ အာဏာစွန့်လွှတ်ရမှာ ကြောက်တဲ့ စစ်အာဏာရှင်များက သူတို့အာဏာကို အကာအကွယ်ပေးဖို့ တရုတ်ကွန်မြူနစ်အစိုးရထံ အသနားခံခဲ့ကြတာ သမိုင်းဝင်ဖြစ်ရပ်ပါပဲ။ ဒီတော့ တရုတ်က မြန်မာပြည်သူတွေ လက်မခံတဲ့ အာဏာရှင်အစိုးရကို အကာအကွယ် ပေးပြီး၊ မြန်မာ့ သယံဇာတတွေကို အချောင်နှိုက်ယူခဲ့တာ ထင်ရှားတဲ့ သမိုင်းသက်သေဖြစ်ပါတယ်။ ဒါဟာ “တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်၊” ဆိုတဲ့ အချက်ကို တရုတ်အစိုးရ ချိုးဖေါက်ခဲ့တာဖြစ်ပါတယ်။
နောက်ခံ သမိုင်းတချို့ကို ပြန်ကြည့်ရင်လည်း၊ တရုတ်ဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ (၅) ရပ်” ဆိုတာ အပေါ်ယံ နိုင်ငံတကာအမြင်ကောင်းအောင် လှည့်စားမှုသာဖြစ်ပြီး လက်တွေ့က အိန္ဒိယအစိုးရကို ပုန်ကန်ခြားနားနေတဲ့ နာဂသူပုန်တွေကို တရုတ်က လက်နက်ထောက်ပံ့ သင်တန်းပေးနေတဲ့ သာဓက ကိုတွေ့နိုင်ပါတယ်။ မြန်မာ့ပြည်တွင်းရေးဖြစ်တဲ့ ၀ ဒေသ ကိစ္စဟာလည်း ထင်ရှားတဲ့ ဥပမာပါပဲ။ ဒီကနေ့ ၀ ဒေသဟာ မြန်မာ ငွေကြေးအစား တရုတ်ယွမ်ကိုသုံးပြီး၊ ဘာသာစကားအရ တရုတ်စာ တရုတ်စကားကို သုံးနေတာကို ကြည့်ပါ။ ၀ဒေသကို မြန်မာက အပေါ်ယံ ဟန်ပြသာ သြဇာရှိပါတော့တယ်။မြန်မာအစိုးရကို ဂရုမစိုက်ဘဲ၊ တရုတ်က ၀စစ်တပ်ကို စစ်သင်တန်းနဲ့ စစ်လက်နက် ထောက်ပံ့မှုတွေကလည်း ရှေ့ကဖုံးပေမယ် နောက်ကပေါ်နေတာပါပဲ။
ခြုံငုံသုံးသပ်လိုက်တဲ့အခါ၊ တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံများအပေါ် ထားတဲ့သဘောထားဟာ ကိုယ်ကျိုးစီးပွားကို အဓိထားဆက်ဆံတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်တွေကြောင့် မကြာသေးမီ ယခုနှစ် မေလမှာ ဗီယက်နမ်နဲ့ပဋိပက္ခတစ်ခု ဖြစ် ခဲ့တာတွေ့ရ ပါတယ်။ ဗီယက်နမ်ကမ်းလွန် နိုင်ငံတကာရေပိုင်နက်မှာ တရုတ်က ရေနန်တူးစင်တစ်ခုနဲ့ ရေနန်တူးဖို့ လုပ်တာ ကြောင့် ဗီယက်နမ် မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ဗီယက်နမ်တွေက တိုက်ခိုက်ဖျက်ဆီးတာ လုပ်ကြပါတယ်။ မြန်မာပြည် မှာလည်း တရုတ်ပြည်ရဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒတွေကြောင့် တရုတ်ဆန့်ကျင်ရေး ပဋိပက္ခတွေ ဖြစ်မလာဘူး လို့ မပြောနိုင်ပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ စီးပွားရေးရင်းနှီမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ဆောင်ရာမှာ ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်ဖို့လိုပါတယ်။ အခု ဇွန်လ ၂၇ မှာ သဘောတူညီချက် (၄) ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေမှာ ယေဘုယျဖေါ်ပြပေမယ့် မြန်မာလူထုက ဘာမှ သဲသဲကွဲကွဲ မသိဘဲ လက်ပိုက်ကြည့်နေရတယ်။ အရင်တုံးကချုပ်ဆိုခဲ့တဲ့ မြစ်ဆုံကိစ္စ ကစလို့ ရခိုင်-ယူနန်ပိုက်လိုင်းနဲ့ လက်ပန်တောင်းကြေးနီမိုင်းကိစ္စအဆုံး မြန်မာလူထုက ဘာမှမသိရဘဲ တစ်ဖက်သတ် အမြတ်ထုတ်ယူတာမျိုး တွေ ထပ်ဖြစ်လာခဲ့ရင်၊ ဗီယက်နမ်မှာ ဖြစ်တဲ့ ပဋိပက္ခမျိုး မြန်မာပြည်မှာ ထပ်ဖြစ်နိုင်တာကို တရုတ်အစိုးရအနေနဲ့ ဆင်ခြင်စေချင်ပါ တယ်။ တရုတ်အစိုးရအနေနဲ့ ဦးသိန်းစိန်အစိုးရနဲ့ ပြီးရင် ပြီးတယ်…မြန်မာလူထုကို ဂရုစိုက်စရာမလိုလို့ယူဆရင် မှားပါလိမ့်မယ်။
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ (၅) ရပ်” ဆိုတာကို ကိုယ်လိုသလို ဆွဲယူအသုံးချပြီး၊ မြန်မာအပေါ်မှာ တရုတ်အစိုးရက အသာစီးယူ အမြတ်ထုတ်နေတဲ့ အခြေအနေတွေ မြန်မာလူထုက သိမြင်နားလည်ပါ တယ်။ မြန်မာအစိုးရက တရုတ်ကို သူ့အကြောင်းနဲ့သူ  ကြောက်နေပေမယ့်၊ မြန်မာလူထုက ကြောက်မှာမဟုတ်တဲ့အတွက်၊ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက တန်းတူရည်တူ ဆက်ဆံသင့်ပါတယ်။ မြန်မာလူထုရဲ့ သဘောဆန္ဒ ဖြစ်တဲ့ မြစ်ဆုံဆည်လုပ်ငန်း လုံးဝရပ်စဲရေးကိုလည်း တရုတ်အစိုးရက အလေးထား အသိအမှတ်ပြုဖို့လိုပါတယ်။ မြစ်ဆုံစီမံကိန်းကိစ္စ ရှေ့ဆက်မတိုးဖို့ လိုပါတယ်။ ဗီယက်နမ်ကမ်းလွန် ပင်လယ်က ရေနန်တူးစင် ပဋိပက္ခကို တရုတ်အစိုးရ သင်္ခန်းစာယူသင့်ပါတယ်။
မြန်မာပြည်မှာ တရုတ် စီးပွားရေးလုပ်ငန်း အကျိုးစီးပွားတွေ မရေမတွက်နိုင်အောင် တည်ရှိနေတာတွေဟာ၊ တရုတ်အစိုးရရဲ့ အမှန်တကယ် “မူ (၅) ရပ်” အပေါ် ရပ်တည်မှု ရှိ/မရှိ ဆိုတာနဲ့ ဆက်စပ်နေတာကို အထူးသတိပြုဖို့လိုတယ်။ မူ (၅) ရပ်အတိုင်း မဟုတ်ဘဲ မြန်မာအပေါ် ဗိုလ်ကျ အနိုင်ကျင့် စီးပွားရေး နိုင်ငံရေး အမြတ်ထုတ်တာမျိုး ဖြစ်လာခဲ့ရင် မြန်မာလူထုနဲ့ ထိပ်တိုက်တွေ့ရမယ့် အလားအလာကို တရုတ်အစိုးရ အနေနဲ့ဂရုမူဖို့လိုပါတယ်။ ဒါကို လျစ်လျူ ပြုခဲ့ရင် တရုတ်အစိုးရနဲ့ မြန်မာလူထုပဋိပက္ခ ဖြစ်လာမှာဖြစ်ပါတယ်။ မလိုလားအပ်တဲ့ တရုတ်-မြန်မာပဋိပက္ခ ဖြစ်လာခဲ့ရင် အရင်ဆုံး နစ်နာမှာက ပြည်တွင်းမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တရုတ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွား ပဓါန၀ါဒကို မြန်မာနိုင်ငံအတွင်းမှာ မကျင့်သုံးစေဖို့ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ တရုတ် လူမှုအဖွဲ့အစည်းများက တရုတ်သံရုံးကတဆင့် တရုတ်အစိုးရကို အသိပေးဖို့ လိုမှာ ဖြစ်ကြောင်းပါ။။။။