Saturday, March 24, 2012

၂ ပတ်အတွင်း တရုတ်ရဲက မြန်မာ ၁၀၀၀ ကျော်ဖမ်း


Posted on March 24, 2012

တရုတ်-မြန်မာနယ်စပ် ရွှေလီနှင့်ကြယ်ခေါင်မြို့များ၌ နေထိုင်ခွင့်နှင့် အလုပ်သမား မှတ်ပုံတင်ကဒ်မရှိသော မြန်မာများအား တရုတ်ရဲများက ယခုလ (၁၂) ရက်မှစ၍ ပိုက်စိပ်တိုက် ဖမ်းဆီးလျှက်ရှိရာ မတ်လ ၂၄ ရက်အထိ ၁၀၀၀ ကျော် ဖမ်းဆီးပြီးဖြစ်ကြောင်း ယင်းနယ်စပ်မှ လူမှု ကူညီရေးလုပ်ဆောင်နေကြသူများက ပြောသည်။




တရုတ်ပြည်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ။(ဓါတ်ပုံ AFP)

“ဒီနေ့မနက်ကြည့်ရတဲ့ စာရင်းအရ ၁၀၀၀ ကျော်သွားပြီ။ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာပါ” ဟု တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေး၊ နိုင်ငံရေး
လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယခင်က တစ်ကြိမ်မျှ မကြုံခဲ့ဘူးသည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟုဆိုသည်။

ရွှေလီမြို့တွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက လူသတ်မှု ၂ ခုဖြစ်ပွားခဲ့ရာ ဒုတိယစခန်းမှူးအဆင့် တရုတ်ရဲအရာရှိ တစ်ဦးနှင့်
ငွေရောင်းဝယ်သူ တရုတ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

လူသတ်မှု ကျူးလွန်သူများမှာ မြန်မာနိုင်ငံသားများဖြစ်သောကြောင့် တရုတ်ရဲများက မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားဖမ်းဆီးကာ
ရွှေလီမြို့အနီး၊ ကျန်းဖုန်းဒေသရှိ မူးယစ်ဆေးဖြတ်စခန်းသို့ ပို့ဆောင်နေခြင်းလည်း ဖြစ်သည်ဟု ဦးအောင်ကျော်ဇောကပြောသည်။

ထို့အပြင် ယခုလပိုင်းအတွင်းဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများက ကျုးလွန်ခဲ့သည်ဟုလည်း တရုတ်ရဲ များက ထုတ်ပြန်ထားကြောင်း သိရသည်။

သို့သော် တရုတ်ရဲများက ဖမ်းဆီးထားသူများကို တရုတ်ယွမ်ငွေ ၃၀၀ မှ ၁၀၀၀ ကြားယူ၍ ပြန်လွှတ်ပေးနေသဖြင့် ပြစ်မှုသန့်စင်ရေး ဟူသည်မှာ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

“ဒါဟာ တရုတ်ရဲက အစီအစဉ်ရှိရှိ လုပ်တဲ့သဘောပါတယ်။ လူမိုက်သန့်စင်ရေး မဟုတ်ဘူး။ ပြစ်မှုသန့်စင်ရေးနဲ့ လုံခြုံရေးအရလုပ်ရင် အခုဖမ်းပြီး ချက်ချင်းငွေနဲ့ အရွေးခံတာ ဘာအဓိပ္ပါယ်လဲ” ဟု ၄င်းက မေးခွန်းထုတ် ပြောဆို သည်။

တရုတ်အလုပ်ရှင် တချို့ကလည်း လုပ်ခလစာ မပေးလိုသည့်အတွက် မြန်မာအလုပ်သမားများကို ဖမ်းဆီးရန် ရဲနှင့် ညှိုနှိုင်းဆောင်ရွက်မှု များလည်းရှိကြောင်း မူဆယ်မြို့၊ ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်၌ ဖြတ်သန်းသွားလာနေထိုင်ခွင့်များနှင့်ပတ်သက်၍ စာအုပ်အနီနှင့် စာအုပ်အပြာ ၂ မျိုး ကို မြန်မာဘက်မှ ထုတ်ပေးလျှက်ရှိသည်။

မူဆယ်မြို့နယ်မှ အိမ်ထောင်စုဇယားရှိသူများကို ရွှေလီနှင့် ကြယ်ခေါင်နှစ်မြို့တွင် တစ်နှစ်နေထိုင်ခွင့်ရ စာအုပ်အနီ ထုတ်ပေးပြီး တစ်ခါသုံးကဒ်ဟုခေါ်သော စာအုပ်အပြာကိုမူ မြန်မာတစ်ပြည်လုံးမှလာသော မှတ်ပုံတင်ရှိသူများကို ထုတ်ပေးသည်။

စာအုပ်အပြာသည် တရုတ်နိုင်ငံ ကြယ်ခေါင်မြို့တွင်သာ ၆ ညအိပ် ၇ ရက် နေထိုင်နိုင်ခွင့်ရှိပြီး ရွှေလီတွင် နေခွင့်မပြုထားပေ။

ယင်းစာအုပ်နှစ်မျိုးထဲဖြင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် မရှိသဖြင့် အချို့ တရုတ်အလုပ်ရှင်များက ၃ လ တစ်ကြိမ် သက်တမ်းတိုး ရသည့် Green Card (အစိမ်းရောင်ကဒ်) ဟုခေါ်သော တရားဝင် အလုပ်သမားလုပ်ကိုင်ခွင့်ကဒ်ကို ပြုလုပ် ပေးကြသည်။

သို့သော် ငွေကြေးကုန်ကျများသည့်အပြင် အလုပ်ရှင်ခွင့်ပြုမှရသဖြင့် မြန်မာအလုပ်သမားအများစုမှာ Green Card မရှိကြပေ။

မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ ပြီးခဲ့သည့်လက ထုတ်ပြန်သော အစီရင်ခံစာ၌ ၅ နှစ်အတွင်း ရွှေလီနှင့် ကြယ်ခေါင်မြို့များသို့ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့မှ အများစုပါသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လာရောက်သူတိုးများလာပြီး လက်ရှိအချိန်တွင် လူဦးရေ တစ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

မြန်မာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများမှာ လိင်ဖျော်ဖြေရေးအလုပ်၊ အိမ်ဖော်အလုပ်၊ ဈေးရောင်းအလုပ်၊ ရိုးရာအနှိပ်သည် အလုပ်၊ ဆောက်လုပ်ရေးအလုပ်နှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြပြီး ကျား၊ မ ခွဲခြား ဆက်ဆံခံရခြင်း၊ လုပ်အားခနည်းခြင်း၊ အလုပ်ချိန် ကြာမြင့်ခြင်းနှင့် အလုပ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ရင်ဆိုင်နေကြရသည်ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။

No comments:

Post a Comment